top of page
Writer's pictureAung Myat Htay

လူထု၀န်းကျင်က အနုပညာများ(၁)

Updated: Aug 12, 2022

အောင်မြတ်ဌေး ရေးသည်။

…………….

အရင်ကရေးလက်စ အများပြည်သူဆိုင်ရာနေရာတွေနဲ့ အနုပညာများအကြောင်းကို ပြန်ဆက်ဖို့ ကြိုးစားကြည့်တော့။ အများပြည်သူဆိုင်တဲ့ကိစ္စတွေဟာ နိုင်ငံရဲ့ ယဉ်ကျေးမှုနဲ့သက်ဆိုင်ကြောင်း၊ အများသူငှာနေရာတွေမှာ အနုပညာတွေရှိလာဖို့ဟာ အနုပညာဆိုင်ရာကိုအများသူငှာတွေ အမြဲထိတွေ့နေဖို့က အရေးကြီးကြောင်း၊ ဒီလိုထိတွေ့ဖို့လုပ်ရာမှာ ပြပွဲတို့ ပွဲတော်တို့လိုလုပ်နေကျအခင်းကျင်းတွေအပြင် အခြားပုံစံများလည်းလိုကြောင်း၊ ဒီလို အခြားပုံစံအခင်းကျင်းတွေက ကိုယ့်ဓလေ့ကိုယ့်အမြင်တွေနဲ့ ကိုက်ညီသင့်တင့်ဖို့လိုပေမယ့် အဟောင်းတွေမဟုတ်ဖို့လဲ လိုအပ်ကြောင်း တသိတတန်းကြီးစဥ်းစားမိရင်း အဟောင်းဆိုတာကိုပြန်စဉ်းစားတော့ ကျတော်တို့ အလှဆိုတာကိုသတ်မှတ်လက်ခံပုံနဲ့ဆိုင်နေတာသတိထားမိပြီး ဟောဒီ ဗီးနပ်စ်ပန်းပုရုပ်ကိုပြန်ထုထားတဲ့ နယူးယောက်မြို့လယ်ကောင် (မိုမာ)အနုပညာပြတိုက်နားက လူတွေကြားထဲ ညီညာထောင်မတ်နံရံမြင့်တိုက်အချောကြီးတွေကြားက အကြမ်းထည်ကြီးဖြစ်နေတဲ့ ပန်းပုရုပ်ကြီးတွေကို ပြန်သတိရမိတာပါပဲ။



ဦးခေါင်းမပါတဲ့ ခပ်ကြမ်းကြမ်းလုပ်ချက်၊ကြီးမားတဲ့ထီးထီးရှိမှု၊ ကြမ်းတမ်းသလောက်ကိုကွေးညွှတ် ရစ်သမ်နဲ့ မိန်းမအလှ၊ ဥရောပအနုပညာကိုအခြေခံပေမယ့် အဟောင်းတိုင်းလည်းပြန်မတုပ၊ လူသူနားလည်မလွယ်သော မော်ဒန်အတုံးအပေါက်တွေလိုလဲ မဟုတ်။ ချောပြောင်နုရွ ကျောက်သားပကတိ အင်္ဂါစုံစုံအချိုးကျကျပုံတွေလိုသရုပ်မှန်ပြီးကြည့်သူအတွက်(ခံစားမှုကိုဘောင်ခတ်လိုက်တဲ့)အပြီးအစီးအဆုံးသတ်ထားတဲ့ လက်ရာမျိုးလည်း မဟုတ်ပြန်တဲ့ ခုလိုကြမ်းတမ်းတဲ့ မပြီးမစီးလိုဟာမျိုးကလည်း ကွဲပြားတဲ့အရသာဖြစ်နေသလားပေါ့။ ကြိုက်တာမကြိုက်တာထား သေချာတာက ဒီအရုပ်တွေဟာ အနီးကြည့်ဖို့ မဟုတ်ဘူး၊ လူသွားလူလာများတဲ့နေရာ စျေးဆိုင်တွေနဲ့ ခဏတာနားနေဖို့ ခပ်မြန်မြန်အကြည့်တစ်ချက်ထိတဲ့ အရုပ်မျိုးလို့ယူဆမိတယ်(အကြာကြီးခံစားပြီး ကြည့်နေဖို့လည်း အချိန်မရတဲ့နေရာမျိုးကိုး)။ ကျောက်သားနံရံပြောင်တွေ ညီညာနေတဲ့တိုက်အမြင့်တွေနဲ့ ဆန့်ကျင်ဘက်ဖြစ်နေတာကလည်း အရသာတစ်ခုပဲဖြစ်ပါတယ်။


စဥ်းစားကြည့်တော့ တစ်ကိုယ်ရေခံစားမှုမဟုတ်ပဲ လူထုနဲ့ဆိုင်တဲ့ ပါဘလစ်က အနုပညာအကြောင်းတွေရေးမယ်ဆို များမှများပါ။ မနေ့က အများပြည်သူဆိုင်ရာနေရာတွေက အနုပညာတွေအကြောင်းအနဲငယ် ပြောဖြစ်တော့ ဒီကနေ့ နောက်တစ်ခုဆက်လိုက်ပါတယ်။ လူထုအများအတွက်ကို တန်းတူရယ်လို့ ကြည့်တတ်တဲ့အစိုးရမျိုးကိုမျှော်လင့်မိတာ ဒီအကြောင်းတွေကြောင့်ပါပဲ။ အားလုံးဟာ သူ့အလုပ်သူလုပ်နေကြရင်းတစ်သားထဲရှိနေမှ သာယာဝပြောတယ်ခေါ်မှာပေါ့။ ကျတော်တို့အတွက်တော့ ပါဘလစ်ကအနုပညာများဟာ သမိုင်းအထင် ကရ ပုဂ္ဂိုလ်ရုပ်ထုတွေ၊ အထိမ်းမှတ်ကျောက်တိုင်တွေနဲ့ ဘုရားစောင်းတန်းက ပန်းချီ ပန်းပုရုပ်လုံးတွေအဖြစ် ကြီးပြင်းခဲ့ကြရတယ်။ ဒီအနုပညာတွေဟာ လူထုအနီးနားက အနုပညာတွေဖြစ်ပေမယ့် သူတို့ကိုယ်စီမှာ ဘာသာရေး အမျိုးသားရေး နိုင်ငံရေးစတဲ့ အစ်ရှုးတွေထဲမှာ နစ်မြုပ်တည်ရှိနေကြတယ်။ ဒါကြောင့် လူထုနဲ့တသားထဲဖြစ်ဖို့ မှန်နံရံတွေခြားနေသလိုခံစားရတာပါပဲ။ ဒီလိုနဲ့မြင်ရိုးမြင်စဉ်တွေဖြစ်လာပြီး အနုပညာလို့တောင်မြင်ဖို့ ခက်လာပါတော့တယ်။ ဒါပေမယ့် ဒီလိုအထိမ်းအမှန်ရုပ်ထုတွေကလည်း သူ့နေရာနဲ့သူတော့ လိုအပ်နေမှာပါပဲ။




ဟောဒီ ကြေးရုပ်ထုတွေကတော့ နိုင်ငံတိုင်းက ကလေးလူကြီးတွေမသိသူမရှိလောက်အောင် ကျော်ကြားတဲ့ အံဖွယ်ကမ္ဘာထဲက အဲလစ်ပါပဲ။ ပုုံပြင်တွေကို ပန်းပုရုပ်လုံးထုလုပ်ပြတာမြင်ဖူးပေမယ့် ကွဲပြားတဲ့နေရာ ကွဲပြားတဲ့အထိတွေ့အရသာပေးနေလိုု့ နှစ်ခြိုက်မိတယ်၊ နိုုင်ငံအစွဲမရှိ လူမျိုး ဘာသာရေးအစွဲမပါ ထုုလုုပ်သူပညာရှင် စတဲ့အစွဲကင်းတဲ့ နှစ်သက်မှုပါ။ ပျော့အိအိလေထိုးကစားကွင်းလို မဟုတ်ပဲ ကလေးလူကြီးဘာသာမရွေး လက်တွေ့စားသုုံးနိုုင်တဲ့ ပန်းပုပေါ့။ သူ့မှာထူးခြားတာက ကြည့်ပြီးခံစားနေဖို့ထုထားတာမဟုတ်သလို၊ နက်နဲတဲ့ အနုပညာကွန်ဆက်တွေ စဉ်းစားတွေးတောနေဖို့လည်းမလိုအပ်တဲ့ကိစ္စပါပဲ။ ဒါပေမယ့် ဒီလိုအရုပ်မျိုးကို မြို့လယ်ကောင်တိုက်တာတွေကြားမှာ မထားတာတော့ သတိပြုရမှာပေါ့။


ကျနော်တို့မန္တလေး မဟာမုနိဘုရားကြီးမှာ ဗိုက်မနာဖို့ ဒူးမနာဖို့ ပွတ်ပြီးဆုုတောင်းလေ့ရှိကြတဲ့ ကြေးရုုပ်ထုုကြီးတွေသတိရသေးတော့သဗျ။ သို့သော် ကွဲပြားတဲ့ သတ်မှတ်လက်ခံမှုတွေနဲ့ အခင်းကျင်းတွေတော့ရှိနေပြီး အနုုပညာလို့သိပြီး အလှမ်းမဝေးတဲ့ လူထုအနီးနားရောက်မရောက်တော့ မပြောတတ်ပါ။

ဒီကနေ့ အမြန်အစားသောက်တွေခေတ်စားလာသလို အများသူငှာနေရာတွေက အနုပညာတွေအဖြစ် ဂရပ်ဖတီတွေလို၊ ဘေလ်ဘုတ်တွေလို၊ ကာတွန်းဇာတ်ကောင်လေထိုးရုပ်တွေလို အမြန်ကြည့် ခေတ်ပေါ်တွေအစားထိုးလာတယ်ပြောမလား။ တွေးစရာပါပဲ။




မြန်မာနိုင်ငံဟာ တစ်ကယ်တော့ ပြည်သူလူထုနဲ့ပန်းချီပန်းပုအနုပညာတွေ ရင်းနှီးပြီးသားလို့ဆိုရပါမယ်။ အမြင်ဆိုင်ရာအနုပညာတွေက ဗုဒ္ဒဘာသာရဲ့သင်ကြားဆုံးမမှုတွေအောက်မှာထွန်းကားလာခဲ့တာများတဲ့အတွက် ဘုုရားကျောင်းကန်ဇရပ်တွေက သာသနိကအဆောက်ဦး ဗုုဒ္ဒအနုုပညာတွေမှာ လူထုနဲ့အလွန်ရင်းနှီးပူးတွဲရှိနေပြီးသားဖြစ်တယ်။ အများစုုဟာ အနဲဆုံး ငရဲကြီးရှစ်ထပ်သရုပ်ဖေါ် ရုပ်ကြွရုပ်လုံးတွေ ကောသလမင်းအိမ်မက်သရုုပ်ဖေါ်ဇာတ်လမ်းတွေ အောင်ခြင်းရှစ်ပါးနဲ့ ၅၅ဝဇာတ်နိပါတ်တွေကိုုတော့ ရင်းနှီးပြီးသားဖြစ်တယ်။ ဒါတွေဟာ ပြည်သူလူထုုအနုုပညာဖြစ်နေဆဲပါ။ ကလေးတွေအတွက်မိဘများကနမူနာပြောပြရှင်းပြရင်း လိမ္မာယဉ်ကျေးစေခဲ့တယ်ဆိုနိုင်တာပေါ့။ အမှန်တိုင်းပြောရရင် ငယ်ငယ်ကဘုရားသွားတာဟာ ရှိခိုးဦးချတာနဲနဲ.. ဘုရားထဲက ဗိသုကာ၊ မှန်စီရွှေချတွေ၊ ရုပ်ထုရုပ်လုံးတွေ ပန်းချီကားတွေကိုသာအာရုံစိုက် ငေးခဲ့တာပါ။ ဒါတွေက ကိုယ်နိုင်ငံရဲ့ ယဉ်ကျေးမှု ဓလေ့စရိုက်တွေဖေါ်ညွှန်းနေတာအသေချာပါ။


ပြည်သူလူထုနှင့်ဆိုင်သော အနုပညာများဖြစ်ထွန်းဖို့ ယဉ်ကျေးမှုကိုနားလည်လက်ခံပုနဲ့ အများကြီးသက်ဆိုင်နေတာတွေ့ရမှာပါ။ ယဉ်ကျေးမှုနီးဝေးမြင်ခြင်းကိုစေ့ငုသေချာရပါမယ်။ မြန်မာမှာ ၁၂ လရာသီပွဲတွေရှိနေပြီး ထူးခြားချက်တွေကိုယ်စီရှိနေပြီသား၊ ဒီလိုပွဲတွေအပြင် ရှင်ပြုနားသ အလှူမင်္ဂလာပွဲတွေ၊ ဘုန်းကြီးပျံပွဲတွေ၊ ရပ်ကွက်ဘုုရားပွဲတွေဟာ ရှိနေပြီးသားယဉ်ကျေးမှုတွေသာဖြစ်ပါတယ်။ ဒါအပြင် ကျေးလက်ဓလေ့တွေဟာလည်း ထည့်သွင်းလေ့လာရမယ့် ယဉ်ကျေးမှုဓလေ့တွေပါ။ ယဉ်ကျေးမှုနဲ့ပတ်သက်တာဟာ အလွန်ကျယ်ပြန့်တာမို့ သီးသန့်ဆွေးနွေးသင့်တဲ့ အကြောင်းရာပါပဲ။ လူထုအနီးနားက အနုပညာတွေနဲ့ဆိုင်တာကိုပြောရရင် ကထိန်အလှူခံလှည့်လည်ခြင်းဟာ မြန်မာဓလေ့က လာတဲ့ထုံးစံတစ်ခုဖြစ်ပေမယ့် ဒီကနေ့မှာတော့ အနှစ်သာရပျောက်လုလုဖြစ်နေတာ မျက်မြင်တွေ့ရပါတယ်။ ဒီလိုပဲ မြန်မာ့အနုပညာတချို့ဟာ သူ့ရဲ့သတ်မှတ်မှုဘောင်ထဲမှာနေရင်း ခေတ်ရဲ့ ရေစီးကြောင်းမှာ နေရာလျှော့ပါးပျောက်ကွယ်လုလုဖြစ်လာပါတယ်၊ ဥပမာ ဆိုပါတော့ ဘုရားစောင်းတန်းက အိုးပုတ်ချိုးရုပ် ဇီးကွက် ပစ်တိုင်းထောင်နဲ့ ဖိုးဝရုပ်တွေဟာ မြန်မာမှုတွေဖြစ်ပေမယ့် ဘုရားစောင်းတန်းလိုနေရာတစ်ခုအပြင် ပိုမိုတဲ့ ခေတ်နဲ့လျှော်ညီသောအရောင်တင်ပေးမှုတွေလိုအပ်ပါတယ်။ ခုခေတ်မှာ ထူးခြားတဲ့အရသာမျိုးကို တောမှာတင်ပျောက်ကွယ်နေမှာထက် မူရင်းမပျောက်တဲ့ဖန်တီးမှုတွေနဲ့ မြို့ပြခေတ်ပြိုင်အရသာတွေအဖြစ် ပြောင်းသင့်တာတွေၡိပါတယ်။ အရမ်းကြီး ရောနှောသမလိုက်တာမျိုးကလွဲရင်ပေါ့။






လူထုအနုပညာတွေဟာ လူထုထဲကလာပါတယ်၊ ဘယ်လိုနိုင်ငံတကာလွှမ်းမိုးမှုတွေကမှ မလာနိုင်ပါဘူး၊ လွှမ်းမိုးလာခဲ့ရင်တောင် ကိုယ့်ပုံစံမျိုးပြောင်းပြီးဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် အပေါ်ယံဖြစ်တဲ့ တိုင်းခြားယဉ်ကျေးမှုဟာ လွှမ်းမိုးလွယ်ပါတယ်၊ သူ့မှာ အသစ်ဆိုတဲ့မက်လုံးပါလို့ပါပဲ၊ အတွေးခေါ်ကိုမမြင်ရင် ဘာမှန်းမသိပဲ အုန်းဒိုင်းမြည်နေတာကို မေ့လျှော့နှစ်ခြိုက်မိနေသလို ဖြစ်တတ်ပါတယ်။ မြန်မာဟာ မြန်မာ့အရသာနဲ့ပဲတင်းတိမ်နိုင်မှာပါ သို့သော် ဂလိုဘယ်အမြင်အယူအဆတွေကို ပြိုင်လျက်သွားဖို့လိုပါတယ်။ ဒါကြောင့် ရှေးဆရာ့ဆရာတွေဟာ ဥရောပပန်းချီနည်းရောက်လာခဲ့တာတောင် မြန်မာဖြစ်အောင်ပြောင်းယူနိုင်ခဲ့တာပါပဲ။ ဒီနေရာမှာ မြန်မာဖြစ်အောင်ပြောင်းတဲ့ကိစ္စအရေးပါလာပြန်ပါပြီ။ ပန်းချီမှာ မြန်မာမှုတို့ မြန်မာရနံ့တို့ကိုထည့်ဖို့ သြဝါဒပေးကြသူတွေကို လူငယ်တွေက ဘယ်ဟာမြန်မာမှုလဲလို့ သံသယပွားခဲ့ကြပါတယ်။ မြန်မာမှုဆိုတာ အထက်ကပြောတဲ့ယဉ်ကျေးမှုကိစ္စပါပဲ၊ မြန်မာဆိုတာတစ်နိုင်ငံထဲသီးခြားကွဲပြားကျန်ခဲ့တာမဟုတ်ပါဘူး၊ခေတ်မီမီ အမြင်ကျယ်ဖို့လိုပါတယ်၊ အကြောင်းရာကလည်း ကျယ်ပြန့်လှပါတယ်။





——

မှတ်ချက်....။ ကမ္ဘာကြည့်ကြည့်မြင်ဆိုရာမှာ….မည်သည့်နိုင်ငံတကာ စံချိန်စံညွှန်းများပင်ဖြစ်ပါစေ နိုင်ငံတစ်ခု၏ နားလည်လက်ခံမှုပုံစံနှင့် တုန့်ပြန်မှုတို့မှာ အခြားနေရာများနှင့်ကွဲပြားတတ်သည်။ တစ်ချို့နေရာများတွင် ပညာတတ်မြောက်မှုကဦးဆောင်သော်လည်း အချို့ကိစ္စများတွင်တော့ မိရိုးဖလာခေါ်ခေါ်၊ စိတ်ရင်းဓာတ်ခံကြောင့်ဆိုဆို ရေမြေလိုက်တတ်ပါသည်။ အဓိကကွဲလွဲမှုမှာ တွေးခေါ်ပုံနည်းလမ်းပင်ဖြစ်သည်။ အရှေ့တိုင်းအာရှနိုင်ငံများနှင့်တော့ ယေဘုယျတူနိုင်သည်ထင်ပါသည်။ ဥပမာ အနောက်တိုင်းသည် အရှိ(သရုပ်မှန်)အတိုင်းကိုဦးစားပေးပြီး လက်တွေ့သဘာဝကျကျတွေးတတ်သည်။ လူကိုလေ့လာလျှင် ခန္ဒာဗေဓမှအခြေခံပြီး အကျိုးကြောင်းကိုရှာသည်။ အရှေ့တိုင်းသည် စိတ်ကိုသာဦးစားပေးစဉ်းစားသလို သဘာဝကိုတုပရာတွင် လူ၏ခံစားမှုကိုရှေ့တန်းတင်၍ လူကမြင်လိုသည့် စိတ်ကူးယဉ်ကမ္ဘာထဲမှ ပုံရိပ်တို့ကိုဖေါ်တတ်ပါသည်။


ဆက်ပါဦးမည်-

ခင်မင်လေးစားလျက်...


66 views0 comments

Comments


bottom of page